วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ဓမ္မ​ရေးရာ


ဗုဒ္ဓ၀ါဒီ ဆွဲ၍တည်မည်
အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ်
အိုးတွင် ခပ်နှိပ် ၊ တံဆိပ်မှတ်ကာ
မပြတ်မစဲ ၊ အိုးပင်ကွဲလည်း
အမြဲတစေ ၊ တည်ရှိနေသို့
ထွေထွေ သွေးသား ၊ ကလေးများ၌
ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ ၊ သက်ဆိုးကျအောင်
ဗုဒ္ဓဒါဒီ ၊ စွဲကပ်တည်မည်
ကိုယ်စီခပ်နှိပ်စေ သတည်း ။

အရှင် ဇနကာ ဘိဝံသ
အမရပူရ တောင်မြို့ ၊ မဟာ ဂန္ဓရုံဆရာတော်

သဗ္ဗညုတဉာဏ်တော်စွမ်းအား

၁. သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
၂. သိသည့်တရား, အများအပြား၌, ဟောထား
စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်,
အကုန်မြင်, သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
၃. ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒ စရိုက်,
သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်,
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
၎. သဗ္ဗဉ် ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများဝေနေ,
ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်,
ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်,
စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင်
ငါတို့ဘုရားတည်း။

ဆရာတော်ကြီး..အရှင်ဇနကာဘိဝံသ ရဲ့..အခြေပြုပဋ္ဌာန်းမှ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားမျာ

ဦးတေဇနိယ (ရွှေဥမင်တောရ)

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊

၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။

၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။

၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။

၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။

၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊

၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။

၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။

၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။

၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။

၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။

၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။

၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။

၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ
အဖတ်တင်မယ် ။

၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။

၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊

၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။

၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။

၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။

၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။

၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။

၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။

၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။

၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။

၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။

၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။

၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။

သဗ္ဗေသတ္တာ -သတ္တ၀ါ မှန်သမျှ၊ ကမ္မသကာ -မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင်
ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား...
(....သူငယ်ချင်း....တစ်ယောက်ဆီက ရတာပါ.......)

အရှင်ဆေကိန္ဒ ၏ အဆုံးအမအချို့

ဓမ္မဒူတဇေတ၀န်တောရ (မှော်ဘီ) တရားစခန်းမှ အရှင်ဆေကိန္ဒ ၏ အဆုံးအမအချို့

ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်၊
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်၊
ရက်ရောတတ်သူကို လက်ဖွာတယ်၊
စည်းကမ်းနှင့် ပေးသူကို ကပ်စေးနည်းတယ်၊
ဦးဆောင်နိုင်သူကို နေရာယူတယ်၊
ကျွမ်းကျင်သူကို လည်လွန်းတယ်လို့...
အထင်မလွဲပါနဲ့။ ။

အလုပ်လုပ်သူက အပြောမသန်၊
အပြောသန်သူက အလုပ်မလုပ်၊
ပြောသလောက်လုပ်ပြီး လုပ်သလောက်ပြော၊
အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပဲ။ ။

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပါပြီ၊
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။ ။

"ငါ အတော်ဆုံး" လို့ထင်နေရင်
"အဖျင်းဆုံး" အဆင့်ကို ရောက်သွားပြီ။ ။

"မမှားသော ရှေ့ နေ မသေသောဆေးသမား" တဲ့၊
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ်၊
မမှားတာ အကောင်းဆုံးပဲ။ ။

အခက်အခဲဆိုတာ ဥာဏ်နုံ့သူတွေအတွက်
ဘ၀တစ်ခုလုံးကို ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံး တိုးတက်သွားနိုင်တယ်။ ။

"ဘေး" ကိုကြည့်လွန်းအားကြီးရင်
"ဘေး" တွေ့တတ်တယ်။ ။

;) မိဘကျေးဇူးအကျေဆပ်လို့ရပါတယ်

မိဘကျေးဇူးဆပ်ခြင်းနဲ့ပတ်သတ်တဲ့
ဘုရားအဆုံးအမကို ပြောကြပြီဆိုရင်
” မိဘကျေးဇူးကို ဘယ်လိုမှ
ကျေအောင် မဆပ်နိုင်ဘူးလို့
မြတ်စွာဘုရားဟောထားတယ်လို့ ”
လူအများပြောလေ့ရှိကြပါတယ် ...
အမှန်က
ကျေအောင် မဆပ်နိုင်ဘူးလို့ ...
ဟောထားတာမဟုတ်ပါဘူး
ကျေအောင်ဆပ်ဖို့ မလွယ်ပါဘူးလို့ ..
ဟောထားတာပါ ..
လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူးကိုမကျေနိုင်ဘူးလို့
ဟောထားတာပါ ...
သာမာန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး ...
အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ်လို့ ..
ဆိုပါတယ် ..
ပစ္စည်းဝတ္တုပေးလှူရုံနဲ့
ဝတ်ကြီးဝတ်ငယ်ပြုစုရုံနဲ့
မိဘကျေးဇူးဆပ်လို့မကျေပါဘူး
ကုသိုလ်ပါရမီတိုးအောင် ၊ တရားထူးတရားမြတ်ရအောင်
စွမ်းဆောင်ပေးနိုင်မှ
မိဘကျေးဇူး ဆပ်လို့ကျေပါတယ် ..... ။

===> ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာများ <===

ไม่มีความคิดเห็น:

แสดงความคิดเห็น